|
သမိုင်းထဲက လီဗာပူးလ် |
|
Written by kop-apolo
Tuesday, 24 November 2009 15:00 |
|
|
|
|
|
၁၈၉၁ ခုနှစ်မှာ ဂျွန်ဟောင်းလ်ဒင်း (John Houlding) ဟာ ခုလက်ရှိ အန်ဖီးလ်ကွင်း ငှားခကို ပေါင် ၁၀၀ ကနေ ပေါင် ၂၅၀ ကိုတိုးမြှင့် လိုက်ပါတယ်။ အဲဗာတန် အသင်းဟာ အန်ဖီးလ်ကွင်းမှာ ၇ နှစ် ကစားလာရာ ကနေ ကွင်းငှားခ တိုးမြှင့်မှုကို လက်မခံခဲ့ဘဲ သူတို့ရဲ့ ကွင်းအသစ် ဂူဒီဆင်ပါ့ခ် (Goodison Park) ကို ပြောင်းသွား ခဲ့ပါတယ်။ လီဗာပူးလ် အသင်းကို ၁၈၉၂ မက်လ ၁၅ ရက်နေ့မှာ ဘယ်သူမှ မရှိတဲ့ အန်ဖီးလ် ကွင်းမှာ ဂျွန်ဟောင်းလ်ဒင်းက တည်ထောင် ခဲ့ပါတယ်။
ပထမဆုံး လီဗာပူးလ် အသင်းရဲ့ နာမည်ကတော့ Everton FC and Athletic Grounds, Ltd သို့မဟုတ် Everton Athletic လို့ ခေါ်ပေမယ့် အင်္ဂလန်နိုင်ငံ ဘောလုံး အဖွဲ့ချုပ် FA က အသိအမှတ် ပြုဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် လီဗာပူးလ် ဘောလုံးအသင်း (Liverpool FC) ဆိုပြီးတော့ ဖြစ်ပေါ် လာခဲ့တာပဲ ဖြစ်ပါတယ်။
လီဗာပူးလ် အသင်းရဲ့ ပထမဆုံး ရာသီမှာ လန်ကရှိုင်းယား အမှတ်ပေးဖလား (Lancashire League) ကိုရရှိပြီး ဒုတိယတန်းကို တက်လာခဲ့ ပါတယ်။ လီဗာပူးလ် အသင်းဟာ ၁၈၉၃-၉၄ ရာသီ ဒုတိယတန်းကို တက်လာခဲ့တဲ့ ပထမ ရာသီမှာပဲ ရှုံးပွဲမရှိ ချန်ပီယံ ဖြစ်ခဲ့ပြီး ပထမတန်းကို တက်ရောက် သွားခဲ့ပါတယ်၊ ၁၈၉၄-၉၅ ရာသီမှာ ပထမတန်း (ယခု ပရီးမီးယား လိဂ်)မှာ စတင် ကစားခဲ့ပြီး အသင်းရဲ့ ပထမဆုံး အမှတ်ပေး ဖလားကို ၁၉၀၀-၁၉၀၁ ရာသီမှာ စတင် ရခဲ့ပါ တယ်။ အဲ့ဒီ နောက်မှာတော့ ၁၉၀၅-၀၆ ရာသီမှာ ဒုတိယ အကြိမ် ချန်ပီယံ ထပ်ဖြစ်ခဲ့ပါတယ်၊
လီဗာပူးလ် အသင်းဟာ ပထမဆုံး အက်ဖ်အေ ဖလား (FA Cup) ဗိုလ်လုပွဲကို ၁၉၁၄မှာ စတင် ကစားခဲ့ပေမယ့် ဘန်လေ (Burnley) အသင်းကို ၁-၀ နဲ့ ရှုံးခဲ့ ရပါတယ်။ ၁၉၂၁-၂၂ နဲ့ ၁၉၂၂-၂၃ တို့မှာ လီဗာပူးလ် အသင်းဟာ အမှတ်ပေး ဖလားကို နှစ်ကြိမ်ဆက် ရရှိခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ အသင်းဟာ အမှတ်ပေး ဖလားကို မရရှိတော့ဘဲ ၂၄နှစ်ကြာ ၁၉၄၆-၄၇ ရာသီကျမှ ပြန်လည် ရရှိခဲ့ပါတယ်။ သို့ပေမယ့် လီဗာပူးလ် အသင်းဟာ အသင်း မတည်မငြိမ် ဖြစ်ပြီးတော့ ၁၉၅၃-၅၄ ရာသီမှာ ဒုတိယတန်းကို ပြန်လည် ဆင်းသွား ပါတော့တယ်။
၁၉၅၉ခုနှစ်ရဲ့ အေးချမ်းတဲ့ ဒီဇင်ဘာလမှာ ဘေလ် ရှန့်ကလေ(Bill Shankly) ဆိုသူ အသင်းရဲ့ မန်နေဂျာသစ် ဖြစ်လာပါတယ်၊ သူဟာ အသင်း ကိုရောက်စမှာပဲ အသင်းမှာရှိတဲ့ ကစားသမား ၂၄ယောက်ကို အသင်းကနေ ထုတ်ပစ် လိုက်ပြီးတော့ အသင်းကို ပုံစံ ပြောင်းခဲ့ပါတယ်၊ သူ့ရဲ့ တတိယ မြောက်ရာသီ ၁၉၆၁-၆၂မှာ လီဗာပူးလ် အသင်းဟာ ဒုတိယတန်း ချန်ပီယံ ဖြစ်လာပြီး ပထမတန်းကို ပြန်လည် တက်ရောက် ကစားခွင့် ရခဲ့ပါတယ်။
၁၉၆၃-၆၄ ရာသီမှာ လီဗာပူးလ် အသင်းဟာ ပထမတန်း ချန်ပီယံ ဖလားကို ၁၇နှစ် အတွင်းမှာ နောက်ထပ် တစ်ကြိမ် ပြန်လည် ကိုင်မြှောက်ခွင့် ရခဲ့ပါတယ်။ နောက်၂နှစ် ၁၉၆၅-၆၆ ရာသီမှာတော့ အမှတ်ပေး ဖလားအပြင် အသင်းရဲ့ ပထမဆုံးသော အက်ဖ်အေ ဖလားကိုပါ ရရှိ ခဲ့ပါတယ်။ လီဗာပူးလ် အသင်းဟာ အမှတ်ပေး ချန်ပီယံ ရှစ်ကြိမ်ဖြစ်ပြီး တဲ့နောက် သူတို့ရဲ့ ပထမဆုံး ဥရောပ ဖလား ဖိုင်နယ်ကို ၁၉၇၂-၇၃ ရာသီမှာ ရောက်ခဲ့ပါတယ်၊ ဒါပေမယ့် Borussia Monchengladbach ကို ရှုံးခဲ့ပြီး ဖလားကို လက်လွှတ် ခဲ့ရပြန်တယ်။ နောက်တစ်နှစ် အကြာမှာ နောက်ထပ် အက်ဖ်အေ ဖလားတစ်လုံး ထပ်ရအပြီး မှာတော့ ဘေလ်ရှန့်ကလေ အနားယူ သွားခဲ့ပြီး သူ့လက်ထောက် ဘော့ဘ်ပါစ်လေ (Bob Paisley)က မန်နေဂျာ ဖြစ်လာခဲ့ပါတယ်။
၁၉၇၅-၇၆ခုနှစ် ဘော့ဘ်ပါစ်လေ မန်နေဂျာ အဖြစ် တာဝန်ယူ အပြီး နှစ်နှစ်မြောက်မှာ လီဗာပူးလ် အသင်းဟာ အမှတ်ပေး ချန်ပီယံဖလား အပြင် UEFA Cup ကိုပါ ရရှိခဲ့ပါတယ်။ နောက်တစ်နှစ် မှာတော့ အမှတ်ပေး ဖလားအပြင် European Cup ကိုပါ ရခဲ့ပြီး FA Cup ဖိုင်နယ်အထိ တက်လှမ်း နိုင်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ အမှတ်ပေး ဖလားကို ထပ်မံ ရခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ အမှတ်ပေး ဖလားကို ၆၉မှတ်ဖြင့် စံချိန်သစ် တင်ပြီး ရရှိခဲ့ပါတယ်။ အဲဒီနှစ်မှာ ၄၂ပွဲ ကစား ရာမှာ ၁၆ ဂိုးပဲ ပေးခဲ့ရ ပါတယ်။ ၁၉၇၉-၈၀ ခုနှစ်မှာတော့ လီဗာပူးလ် အသင်းဟာ အမှတ်ပေး ဖလားကို ၅နှစ်အတွင်း ၄ကြိမ် ရရှိခဲ့တဲ့ အသင်း ဖြစ်နေပါပြီ၊ ဘော့ဘ်ပါ့စ်လေရဲ့ တတိယ မြောက် ဥရောပ ဖလားကတော့ ၁၉၈၀-၈၁ ခုနှစ်မှာ ရခဲ့ပါတယ်။ လီဗာပူးလ် အသင်းဟာ ဘော့ဘ်ပါ့စ်လေ တာဝန်ယူတဲ့ ကိုးနှစ် အတွင်းမှာ ဆုဖလားပေါင်း ၂၁ လုံး ရရှိ ခဲ့ပါတယ်။
ဘော့ဘ်ပါ့စ်လေဟာ သူ့ရဲ့ လက်ထောက် ဂျိုးဖဂန် (Joe Fagan) ကို တာဝန် လွှဲခဲ့တဲ့ ၁၉၈၃-၈၄ ခုနှစ်မှာ ဂျိုးရဲ့ အသက်က ၆၃နှစ် ဖြစ်နေပါပြီ၊ ဂျိုး တာဝန်စယူ ကာစ ၁၈၉၃-၉၄ ခုနှစ်မှာပဲ လီဗာပူးလ် အသင်းဟာ တစ်နှစ်တည်းကို ဖလား သုံးလုံးရတဲ့ ပထမဆုံးသော အင်္ဂလိပ်အသင်း ဖြစ်လာ ပါတယ် (အမှတ်ပေးဖလား၊ လိဂ်ဖလား၊ ဥရောပဖလား)။ ၁၉၈၅ ခုနှစ်မှာ လီဗာပူးလ် အသင်းဟာ ချန်ပီယံလိဂ် ဖိုင်နယ်ကို ဒုတိယ အကြိမ် ရောက်ရှိ လာပြီး ဂျူဗင်တပ် အသင်းနဲ့ တွေ့ပါတယ်။ ဒါပေမယ့် ပွဲမစခင်မှာပဲ လီဗာပူးလ် အသင်း ပရိသတ် တွေနဲ့ ဂျူဗင်တပ် အသင်းရဲ့ ပရိသတ်တွေ တစ်ဘက်နဲ့ တစ်ဘက် တိုက်ခိုက် ကြပါတယ်။ ပရိသတ် တွေရဲ့ အလေးချိန်ကို မခံနိုင်လို့ စင်ပြိုကျရာမှာ ပရိသတ် ပေါင်း ၃၉ ယောက် သေဆုံး ခဲ့ရပါတယ်။ အများစုကတော့ အီတလီ လူမျိုးတွေပါ။ အဲဒီပွဲမှာ လီဗာပူးလ် အသင်းက ၁-၀နဲ့ ရှူံးနိမ့် ခဲ့ပါတယ်၊ အင်္ဂလန် အသင်းတွေ အားလုံးကိုတော့ ဥရောပ ကစားခွင့် ၅နှစ် အပိတ်ခံ ခဲ့ရပြီးတော့ လီဗာပူးလ် အသင်း ကတော့ ၁၀ နှစ် အပိတ်ခံရပါတယ်။ နောက်ပိုင်းမှာတော့ ၆နှစ်ကို လျှော့ချ ပေးခဲ့ပါတယ်။
ကန်နီ ဒဲလ်ဂလိပ်ခ်ျ (Kenny Dalglish)က လီဗာပူး အသင်းရဲ့ ပထမဆုံး ကစားသမား နည်းပြအဖြစ် ၁၉၈၅မှာ ဖြစ်လာပါတယ်။ သူ့လက်ထက် မှာ အသင်းဟာ အမှတ်ပေး ဖလား သုံးကြိမ်၊ အက်ဖ်အေဖလား ၂ကြိမ်၊ လိဂ်ဖလား ၂ကြိမ် ကို ၁၉၈၅-၈၆မှာ ရရှိခဲ့ပါတယ်။ လီဗာပူးလ် အသင်းရဲ့ အောင်မြင်မှုတွေ အမှောင်ဖုံးတဲ့ အချိန် ကတော့ ၁၉၈၉ ခုနှစ် ဧပြီလ ၁၅ရက်နေ့မှာ ရောက်လာပါတယ်။ နော်တင်ဟမ် ဖောရက်စ် နဲ့ ကစားတဲ့ အက်ဖ်အေဖလား ဆီမီး ဖိုင်နယ်မှာ လီဗာပူးလ် ပရိသတ် ရာပေါင်း များစွာဟာ စင်ပြိုကျတဲ့ အထဲကို ပါသွားခဲ့ပါတယ်။ အဲဒီ အဖြစ်အပျက်ကို Hillsborough Disaster လို့ခေါ်ပြီးတော့ ပရိသတ်ပေါင်း ၉၄ယောက် သေဆုံး ခဲ့ပါတယ်၊ ၉၅ ယောက်မြောက် ကတော့ ဆေးရုံ ရောက်အပြီး ၄ရက် အကြာမှာ သေဆုံး ခဲ့ပါတယ်၊ လေးနှစ်နီးပါး အကြာမှာ ၉၆ယောက်မြောက် အဖြစ် စင်ပြိုကျ ရာမှရခဲ့တဲ့ ဒဏ်ရာ ကြောင့် တစ်ဦး သေဆုံးခဲ့ ပါသေးတယ်။
ဟေးလ်စ်ဘရော့ခ်ျ စင်ပြိုကျမှု အပြီးမှာ အစိုးရဟာ ပွဲကြည့်စင်တွေရဲ့ လုံခြုံရေးနဲ့ ခိုင်ခံ့မှုကို အလေးထား လုပ်ဆောင် လာပါတယ်။ Taylor Report လို့ခေါ်တဲ့ စစ်တမ်း ကောက်ယူချက်နဲ့ သတ်မှတ်ချက်မှာ ကွင်းတွင်း ထိုင်ခုံများ လိုအပ်ချက်တွေကို အတိအကျ ပြသ ထားတာကို တွေ့ရပါတယ်။ အဲဒီ အစီအရင်ခံစာမှာ ပရိသတ်တွေ များပြားမှုကြောင့် ရဲတွေ အနေနဲ့ ထိန်းချုပ်ဖို့ ခဲယဉ်းကြောင်းကိုလည်း တင်ပြထား ခဲ့ပါသေးတယ်။
ဂရေမီ ဆောင်းနက်စ် (Graeme Souness) က လီဗာပူးလ် မန်နေဂျာ အဖြစ်ကို ၁၉၉၁ခုနှစ်မှာ ရယူ ခဲ့ပါတယ်။ သူ့လက် ထက်မှာ လီဗာပူးလ် အသင်းဟာ အက်ဖ်အေ ဖလား တစ်လုံးသာ ရရှိခဲ့ပြီးတော့ ရွိုင်အဲဗင်း(Roy Evans) က အသင်းကို ၁၉၉၄ ခုနှစ်မှာ လွှဲပြောင်း ရယူခဲ့ပါတယ်။ သူ့လက်ထက် မှာတော့ အသင်းက အနည်းငယ် အတက်ဘက်ကို ဆောင်ပြီး တော့ ရွိုင်းရဲ့ ၅နှစ်ကြာ တာဝန် ထမ်းဆောင်မှု အပြီးမှာ ၁၉၉၅ ခုနှစ်အတွက် လိဂ်ဖလား တစ်လုံးသာ ရရှိခဲ့ပါတယ်။
ဂျရတ် ဟူးလီယာ(Gerard Houllier) ဟာ လီဗာပူး နည်းပြ အဖွဲ့ထဲကို ၁၉၉၈-၉၉ ခုနှစ်မှာ ရွိုင်းရဲ့ အကူအဖြစ် ရောက်ရှိ လာပါတယ်။ ဒါပေမယ့် သူတို့ရဲ့ပူးပေါင်း မှုဟာ အရာ မရောက်ဘဲနဲ့ ရွိုင်းက ၁၉၉၈ နိုဝင်ဘာလမှာ နည်းပြ အဖြစ်က နှုတ်ထွက် သွားခဲ့ပါတယ်။ ဟူးလီယာရဲ့ ဒုတိယ မြောက်နှစ် ၂၀၀၀-၀၁ခုနှစ် ကတော့ လီဗာပူးလ် အသင်းရဲ့ အအောင်မြင် ဆုံးနှစ်လို့ ပြောနိုင်ပါတယ်။ အက်ဖ်အေ ဖလား၊ လိဂ်ဖလား၊ UEFA ဖလား တို့ကို ရရှိ ခဲ့ပါတယ်။ ၂၀၀၁-၀၂ ခုနှစ်မှာတော့ ရာသီအစ ပွဲစဉ်တွေမှာ ခြေစွမ်းပြ ထိပ်ဆုံးက ဦးဆောင် နိုင်ခဲ့ပေမယ့် နောက်ပိုင်း ရလဒ်များ ကျဆင်းခဲ့ပြီး ရာသီ အဆုံးမှာ ဒုတိယ နေရာကို ရခဲ့ပါတယ်။ ဟူးလီယာဟာ နောင်နှစ်တွေမှာ ဖလားတစ်လုံးသာ ရရှိခဲ့ပြီးတော့ ၂၀၀၃-၀၄ ရာသီ အကုန်မှာ အသင်းနဲ့ လမ်းခွဲ သွားပါတယ်။
ရာဖယ်လ် ဘင်နီတက်ဇ် (Rafael Banitez)က အသင်းကို စတင်ပြီးတော့ တာဝန်ယူတဲ့ နှစ်မှာ အမှတ်ပေး ဇယားမှာ အဆင့်၅သာ ရခဲ့ပေမယ့် လီဗာပူး အသင်းဟာ သူတို့ရဲ့ ၅ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကို ရရှိခဲ့ပါတယ်။ ၂၀၀၅-၀၆ခုနှစ်မှာ လီဗာပူး အသင်းဟာ ၈၂မှတ်ရတဲ့ အထိ ခြေစွမ်း ထက်ခဲ့ပါတယ်။ ၁၉၈၈ခုနှစ် နောက်ပိုင်း ထဲကနေ ရရှိတဲ့ အမြင့်ဆုံး အမှတ် ဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ အက်ဖ်အေ ဖလားကို ရရှိခဲ့ ပါတယ်။
၂၀၀၆-၀၇ ရာသီမှာတော့ ဆုဖလား တစ်လုံးမှ မရရှိ ခဲ့ပေမယ့် ရာဖယ်လ် ဘင်နီတက်ဇ်ဟာ အသင်းကို ၃နှစ်အတွင်း ချန်ပီယံလိဂ် ဖိုင်နယ် နှစ်ကြိမ်ရောက် အသင်း ဖြစ်အေင်တော့ စွမ်းဆောင် ပေးခဲ့ပါတယ်။ ၂၀၀၆-၀၇ခုနှစ်မှာ အမေရိကန် စီးပွားရေး သမားတွေ ဖြစ်တဲ့ ဂျော့ခ်ျဂျီး လက်(George Gillett) နဲ့ တွမ်ဟင့်ခ်(Tom Hicks)တို့ဟာ အသင်းကို ပေါင်သန်းပေါင်း ၄၇၀နဲ့ ၀ယ်ယူ ခဲ့ပါတယ်။
|