|
လီဗာပူးလ် အသင်းသည် လာမည့် ဘောလုံး ရာသီအတွက် ပြင်ဆင်မှု တစ်ရပ်အနေဖြင့် နိုက်စ် ကလပ်အသင်းမှ ပြင်သစ် လူငယ် တိုက်စစ်မှူး လိုးဝစ် ရမ်မီအား ပေါင် ၁၂.၅သန်းဖြင့် ခေါ်ယူရန် သဘော တူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။
စပါး၊ ၀က်စ်ဟမ်း တို့ကလည်း ခေါ်ယူရန် စိတ်ဝင်စား နေသည့် အသက် ၂၃နှစ် အရွယ် ရမ်မီသည် လီဗာပူးလ် အသင်းသို့ ပြောင်းရွှေ့ရန် စိတ်အား ထက်သန်လျှက် ရှိနေပြီး လီဗာပူးလ် အသင်း အနေဖြင့် အဆိုပါ ကစားသမားအား ခေါ်ယူနိုင်ရန် ကနဦး အနေဖြင့် ပေါင် ၇.၅သန်းအား ပေးရမည် ဖြစ်ကာ လက်ကျန် ပမာဏများကိုမူ အရစ်ကျ ပေးချေရမည် ဖြစ်သည်။ သတင်းများ အဆိုအရ ရမ်မီသည် ရက်ပိုင်းအတွင်း လီဗာပူးလ် အသင်းထံတွင် ဆေးစစ်မှု ခံယူမည် ဖြစ်ပြီး ထို့နောက်တွင် အသင်း လေ့ကျင့်ရေး စခန်းဖြစ်သည့် ဆွစ်ဇာလန်သို့ လိုက်ပါမည် ဖြစ်ကြောင်းလည်း သိရသည်။
ရမ်မီ၏ အေးဂျင့်ဖြစ်သူက "လိုးဝစ်သာ အင်္ဂလန် ရောက်ရင် သူ ကြီးကြီးကျယ်ကျယ် အောင်မြင်မှု ရရှိမှာပါ။ သူဟာ သီယာရီ အွန်နီရီလို ကစားသမား မျိုးပါ။ သူ အင်္ဂလန်မှာ အွန်နရီထက်တောင် ပိုပြီး အောင်မြင်ဦးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူဟာ အံ့ဖွယ် ကစားသမား တစ်ဦးပါ။ ကြံ့ခိုင်တယ်၊ လျင်မြန်တယ်၊ ခြေထောက် နှစ်ဖက်စလုံးနဲ့ ကစားတတ်တယ်။ သူဟာ ပြည့်စုံတဲ့ တိုက်စစ်မှူးပါ။ လီဗာပူးလ်ဟာ သူ့ကို နှစ်သက်မှာ အမှန်ပါပဲ" ဟု ဆိုခဲ့သည်။
အကယ်၍သာ ရမ်မီ အနေဖြင့် လီဗာပူးလ် အသင်းနှင့် တရားဝင် စာချုပ်ချုပ်ဆို နိုင်ခဲ့မည် ဆိုပါက နည်းပြသစ် ဟော့ဒ်ဆန်၏ ဒုတိယ မြောက် ခေါ်ယူသည့် တိုက်စစ်မှူး ဖြစ်လာမည် ဖြစ်ပြီး ၎င်းမတိုင်မီက ဆားဘီးယား တိုက်စစ်မှူး ဂျိုဗန်နိုဗစ်အား အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထား ခဲ့သည်။ ထို့ကြောင့် အသင်းရှိ လူငယ် တိုက်စစ်မှူး အန်ဂေါ့၏ အနာဂတ်မှာေ၀၀ါး သွားခဲ့ပြီ ဖြစ်ပြီး အသင်းမှ ထွက်ခွါရဖွယ် ရှိနေသည်။
Credit: Soccer Myanmar
|